မျက်နှာပေါ်ရှိ မလိုလားအပ်သော အမွေးအမှင်များအား ဖယ်ရှားခြင်း
01-Mar-2017
အရုပ်ဆိုးအကျည်းတန်စေတဲ့ အမွေးအမှင်များ မေးစေ့၊ ပါးပြင်၊ လည်ပင်းစတဲ့ မြင်တွေ့စေနိုင်တဲ့ နေရာတွေမှာ ပေါက်နေခဲ့ရင် အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ စိတ်အနှောင့်အယှက်ဖြစ်ပြီး ဖယ်ရှားရှင်းလင်းလိုမှာပဲ ဖြစ်တယ်။ ဒီလိုမလိုလားအပ်တဲ့ အမွေးအမှင်များကို ယာယီဖြစ်စေ၊ အမြဲဖြစ်စေ ဖယ်ရှားရှင်းလင်းတဲ့ နည်းတွေကလည်း များစွာရှိပါတယ်။
အမွေးအမှင်များအား ယာယီဖယ်ရှားခြင်းနည်း
အမွေးအမှင်တွေ ဖယ်ရှားတဲ့ နေရာမှာ အမွေးအမှင်အား အမြစ်မှဖယ်ရှားနုတ်ပစ်ခြင်း ၊ ဆွဲနုတ်ခြင်း၊ ဇာဂနာဖြင့်နုတ်ခြင်းနဲ့ ဖယောင်းလိမ်း၍ ဖယ်ရှားခြင်းစတဲ့ နည်းများကို အသုံးပြုပြီး ယာယီဖယ်ရှားပေးနိုင်ပါသည်။ ဖယ်ရှားပြီးရင်လည်း အမွေးအိတ်ငယ် ရောင်ရမ်းခြင်း၊ အမြစ်ခြေရောင်ခြင်း၊ စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း၊ စတဲ့ ခံစားမှုတွေ ဖြစ်နိုင်ပါတယ်။ ဒီလိုနည်းတွေဟာ ယာယီပဲဖြစ်တဲ့အတွက် အမွေးတွေ ပြန်ထွက်လာမှာပဲဖြစ်တယ်။ ပိုများလာမယ်၊ ပိုထူထဲလာမယ်တော့ မရှိပါဘူး။ နောက်တစ်နည်းကတော့ ဓာတုဆေးဝါး များနှင့် ဖော်စပ်ထားတဲ့ လိမ်းဆေးလိမ်းပြီး အမွေးအမှင်တွေကို ဖယ်ရှားပစ်တဲ့ နည်းဖြစ်ပါတယ်။ ဒီလို လိမ်းဆေးလိမ်းပြီး ဖယ်ရှားတဲ့ နည်းကတော့ လျှပ်စစ်တို့၊ လေဆာရောင်ခြည်တို့နဲ့ ကုသတာထက် စျေးသက်သာပါတယ်။ အားနည်းချက် အနေနဲ့ကတော့ အရေပြားကို ကျိန်းစပ်စေတာနဲ့ အနံ့အသက် ဆိုးရွားတာပဲ ဖြစ်တယ်။
သတိပြုရန်
လိမ်းဆေးတွေမှာ အမွေးအမှင် ပျော်ဝင်နိုင်စွမ်း ရှိပေမယ့် ဆေးပြင်းတဲ့အတွက် မျက်နှာမှာ လိမ်းမယ်ဆိုရင်တော့ လောင်တာမျိုးတွေ ဖြစ်နိုင်တာကြောင့် သတိထားဖို့ လိုပါတယ်။ အရင်ဆုံး ရည်ညွှန်းစာမှာပါတဲ့ အချိန်အတိုင်းအတာထက် နည်းပြီး အသုံးပြုကြည့်ပါ။
အမွေးအမှင်များအမြဲဖယ်ရှားခြင်း
အမွေးအမှင်ကို ယာယီသဘောမျိုး မဟုတ်ဘဲ အမြဲဖယ်ရှားနိုင်တဲ့ နည်းတွေလည်းရှိပါတယ်။ အဲဒီအထဲမှာ လျှပ်စစ်ဓာတ်အား အသုံးပြုပြီး အမွေးအမှင် အရင်းအမြစ်အား ဖယ်ရှာ ဖျက်ဆီးပစ်ခြင်း၊ အပူပေး၍ ဖယ်ရှားခြင်းနဲ့ လေဆာရောင်ခြည်ဖြင့် ဖယ်ရှားခြင်းနည်းများ ပါဝင်ပါတယ်။
လျှပ်စစ်ဓာတ်၊ အပူဓာတ်ပေး၍ အမွေးအမှင်အား ဖယ်ရှားခြင်း
လျှပ်စစ်ဝါယာကြိုးဆက်ပြီး လျှပ်စစ်ဓာတ်လွတ်ကာ အမွေးအမှင် အိတ်ပတ်လည်ကို ဖျက်ဆီးပစ်တာ ဖြစ်တယ်။ လျှပ်စစ်ဓာတ်ဖြင့် ခနွာကိုယ်မှ အပူဓာတ်ဖြစ်ပေါ်စေတဲ့ နည်းကလည်း အမွေးအမှင်တွေပေါက်တဲ့ ဆဲလ်ကို ဖယ်ရှားတာဖြစ်တယ်။ ဒီနှစ်နည်းစလုံးက တဖြည်းဖြည်းနဲ ့အဆင့်ဆင့် ပြုလုပ်ရတဲ့အတွက် တိုးတက်မှုနှေးကွေးပါတယ်။
သတိပြုရန်
အမွေးအမြစ်ခြေရောင်ခြင်း၊ အသားအရောင်ပြောင်းခြင်းများ ဖြစ်ပေါ်စေနိုင် သလို ရောင်ရမ်းနာဖုများ ရှိခဲ့ရင်လည်း အပူဓာတ်၊ လျှပ်စစ်ဓာတ်နည်းများ အသုံးပြုလို့ မရပါဘူး။ လျှပ်စစ်ဓာတ်နှင့် အမွေးအမှင် ဖယ်ရှားတဲ့နည်းကို သုံးမယ်ဆိုရင် အသုံးပြုဖူးတဲ့ သူတွေရဲ့ အတွေ့အကြုံတွေကို အရင်ဦးဆုံးမေးမြန်းစုံစမ်းပြီး မှ အသုံးပြုပါ။ အလှပြင်ဆိုင်၊ ဆေးရုံး၊ ဆေးခန်းနှင့် မိတ်ဆွေတွေထဲမှာ စုံစမ်းနိုင်ပါတယ်။ နောက်ပြီး စက်ကိရိယာရော ပြုလုပ်ပေးမယ့်သူပါ ခွင့်ပြုချက် လိုင်စင်နဲ့ ကျွမ်းကျင်မှုရှိဖို့ လိုအပ်ပါတယ်။
လေဆာရောင်ခြည်ဖြင့် အမွေးအမှင်အား ဖယ်ရှားခြင်း
လေဆာရောင်ခြည်ကတော့ အမွေးအမှင်ကို လျှပ်စစ်ဓာတ်၊ အပူပေးနည်းတွေထက် ပိုမိုလျင်မြန်စွာ ဖယ်ရှားပေးနိုင်စွမ်း ရှိပါတယ်။ လေဆာရောင်ခြည်စက်တွေမှာ အရေပြားကို အထိခိုက်နည်းပြီး ပြုလုပ်နေစဉ်မှာ အနည်းဓာတ်ပါရှိနေစေတဲ့ နည်းပညာတွေ ပါရှိပါတယ်။ ဒီလေဆာရောင်ခြည်ပေးတဲ့ နည်းက အသားလတ်သူ၊ ြဖြူသူဖြစ်ပြီး ဆံပင်အနက်ရောင် ရှိသူတွေမှာ ပိုအစွမ်းထက်တာကို တွေ့ရပါတယ်။
အကြံပြုချက်
လေဆာရောင်ခြည်က အသားညို၊ အသားမည်းတဲ့ လူတွေအတွက် ပိုမိုထိရောက်တဲ့အတွက် အသားညိုသူ မည်းသူတွေ အသုံးပြုဖို့ ပိုသင့်တော်ပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
နန်အိအိဇာ
Wellness magazine, July 2015, Pg. 24-25